မိုင်းယန်း မတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်းသားပြည်သူများအား မီးခိုးမြူလျှော့ချရေးဆိုင်ရာ အသိပညာပေးကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ နမ့်မုတ်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးက ကျေးရွာနေပြည်သူများအား ကျေးရွာများအတွင်း Fire Hotspot မီးလောင်မှုမဖြစ်ပေါ်စေရန်အတွက် ကျေးရွာနေပြည်သူများအနေဖြင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပေးနှိုးဆော်ချက်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အကြံပြုချက်များအား သတိပြုလိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးအရာရှိက မီးခိုးမြူဖြစ်ပေါ်ရခြင်း အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူလျှော့ချရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ တောင်ယာမီးရှို့ခြင်းအစား သဘာဝဓာတ်မြေဩဇာပြုလုပ်အသုံးပြုခြင်းဖြင့် မီးခိုးမြူလျှော့ချနိုင်သည့် အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး