မိုင်းကိုင် မတ် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ဗုဒ္ဓသာသနာတော်ထွန်းကား ပြန့်ပွားစေရန်၊ ရှင်သာမဏေများနှင့် စာပြပုဂ္ဂိုလ်များ ပိုမိုများပြားလာစေရန်ရည်ရွယ်၍ ဒုတိယအကြိမ်မြောက်၊ ပရိယတ္တိ နွေရာသီသင်တန်းကျောင်း (Summer School)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော်သံဃာတော်များ၊ ဒေသတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ သင်ကြားရေးဆရာဆရာမများနှင့် သင်တန်းတက်ရောက်ကြမည့် ရှင်သာမဏေများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောဿတ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ် Summer School ကော်မတီနာယကများဖြစ်သော ကျောင်းခမ်းကျောင်းဆရာတော် ဘဒ္ဒန္တကုမာရ၊ မဇ္ဈိမာရာမကျောင်းကန်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ တို့က Summer School ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဖွင့်လှစ်မည့်အစီအစဉ်များကို ရှင်းလင်းလျှောက်ထားတင်ပြပြီးနောက် မြို့နယ်သံဃာနာယကအဖွဲ့၏ အတိုင်ပင်ခံဆရာတော်၊ သမ္မုတိသံဃာ တော်၊ မွေတော်တောင်ကျောင်း၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဆန္ဒာဓိက ကအဖွင့် ဩဝါဒဂါထာတော်မြွတ်ကြားပြီးနောက်၊ သင်ကြားရေးကော်မတီဥက္ကဋ္ဌ ဒေါ်နန်းခင်မြင့်သန်းက Summer School သင်ကြားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် စေတနာရှင်အလှူရှင်များက Summer School တက်ရောက်ကြမည့် သင်တန်းသားရှင်သာမဏေ အပါး(၆၀)တို့အတွက် သင်တန်းထောက်ပံ့စရိတ်နှင့် သင်ထောက်ကူပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ချော(ပြန်/ဆက်)