တံတား မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနဖြစ်သော တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ တာဝန်ရှိသူများက စာစစ်ဌာနပြင်ဆင်ထားရှိမှုနှင့် မီးဘေးလုံခြုံရေးအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘုန်းခန့်အောင်ဦးဆောင်၍ ကျောက်တန်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမင်းဇော်နှင့် တပ်ဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်အ.ထ.က(၃)မှ ကြီးကြပ်ရေးမှူးဒေါ်စန်းစန်းနွယ်၊ တံတားမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဒေါ်စုစုခိုင်၊ မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ထွန်းအောင်ကျော်နှင့်တပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကျောင်းဆောင်များ၊ စာဖြေမည့်အခန်းများ လေဝင်လေထွက်ကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိရေးနှင့် ကျောင်းပတ်ဝန်းကျင်တွင် မီးဘေးကြိုတင်ကာကွယ်ရေး လှည့်လည်စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းထားရှိမှုအခြေအနေနှင့် အရေးပေါ်အသုံးပြုနိုင်ခြင်းရှိ၊ မရှိစစ်ဆေးခြင်း၊ လျှပ်စစ်မီးကြိုးများသွယ်တန်းအသုံးပြုမှုနှင့် ရေလှောင်ထားရှိမှု၊ ပတ်ဝန်းကျင်မှ မီးကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် အမှိုက်သရိုက်များ ရှင်းလင်းထားရှိမှု အခြေအနေများအား လှည့်လည်စစ်ဆေးကြည့်ရှုခဲ့ကြသည်။
တံတားမြို့ အ.ထ.ကစာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ကျား(၁၁၅)ဦး၊ မ(၁၂၈)ဦး၊ စုစုပေါင်း(၂၄၃)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးဖြူလွင်(ပြန်/ဆက်)