ပျဉ်းမနား မတ် ၁၆
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး၊ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအတွက် လူငယ်စာဖတ်ဝိုင်းကို စာရေးဆရာဗညားကျန်းထောရေးသားထားသည့် “လူအများနှင့်အဆင်ပြေအောင်ဆက်ဆံနည်း” ဆောင်းပါးဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူလူငယ် ၁၃ ဦးတို့က “လူအများနှင့်အဆင်ပြေအောင်ဆက်ဆံနည်း” ဆောင်းပါးပါ အကြောင်းအရာများကို ဆွေးနွေးကြရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)နှင့် စာရေးဆရာ၊ စာရေးဆရာမများက လူငယ်များ၏ ဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးကြပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က နိဂုံးချုပ်စကားပြောကြားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲများတွင် လူငယ်များပါဝင်ဆွေးနွေးသည့် အလေ့အကျင့် ကောင်းများရရှိပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရေးအတွက် ယခုလို လူငယ်စာဖတ်ဝိုင်းကို ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)