တောင်ကြီး မတ် ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့ကျက်သရေဆောင်ရွှေဘုန်းပွင့်စေတီတောအဝင်လမ်း မုဒ်ဦးတည်ဆောင်မည့်နေရာနှင့် ရွှေဘုန်းပွင့်အတက်လမ်း ကတ္တရာကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်မည့်ကိစ္စရပ်များအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများမှရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က မုဒ်ဦးများဆောင်ရွက်မည့်နေရာတွင် လမ်းအူကြောင်းကို အဓိကထားဆောင်ရွက်ပေးရန်နှင့် လမ်းခင်းရာတွင်လည်း လမ်းဖြေညှိဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်နိုင်ရေးအတွက် စေတီတော်အား သစ်စေးဆက်ကပ်ဆောင်ရွက်ပြီးစီးမှုနှင့် စေတီတော်သဘာဝဘေးဒဏ်များမှ ကာကွယ်နိုင်ရန်အတွက် လေတိုက်နှုန်း၊ မြေငလျင်လှုပ်ခတ်မှုနှုန်းအား တွက်ချက်၍ လိုအပ်သည့် Epoxy ကော်များ ဖြည့်စွက်၍ Reinforcement အား ဖြည့်ခြင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခြင်းနှင့် ရွှေဘုန်းပွင့်စေတီတော်ပုရဝဏ်အတွင်းရှိ သံဇကာများပြန်လည်ဆေးသုတ်နိုင်ရန် ပြုပြင်နေမှုအားကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘုန်းပွင့်ဘုရား အတက်၊ အဆင်းလမ်း (ဘုရားလမ်းဆုံမှ ရေထွက်ဦး နေလလမ်းဆုံအထိ) လမ်းပိုင်းအား AC အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာနှင့် မြစိမ်းတောင်ဘုရားမုဒ်ဦးအနီး S ကွေ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုရာ လုပ်ငန်းဆောင်ရွက်မည့် ကိစ္စရပ်များကို ပြည်နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများမှရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လျာထားချက်အတိုင်းဆောင်ရွက်ရန်နှင့် တန်ဖိုး၊ လုပ်ငန်းမပြောင်းဘဲ နေရာပြောင်းရွှေ့ဆောင်ရွက်ပေးကြရန် ဖြည့်စွက်မှာကြား၍ လုပ်ငန်းဆောင်ရွက်မည့် လမ်းနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် တောင်ကြီးမြို့၊ ရေထွက်ဦးလမ်း (နေလလမ်းမှ ရန်ကြီးအောင်လမ်းအထိ) ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းများ၊ ရေထွက်ဦးလမ်း(နေလလမ်းဆုံမှ) ပညာဗောဓိလမ်း(ရေထွက်ဦးလမ်းဆုံမှဘူဆန်လမ်းကွေ့ထိ) AC ခင်းခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးညီညီသန့်မှရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်များဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)