ဗဟန်း မတ် ၁၆
နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုမှကြီးမှူးပြီး စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့အမျိုးသားသွေးလှူဘဏ်တွင်ကျင်းပရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုဥက္ကဋ္ဌ ဦးရဲထွန်းနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ကျွန်တော်တို့ YMBA အသင်ကြီးအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်၊ ဒီနေ့ကတော့ နှစ်(၈၀)ပြည့်တပ်မတော်နေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ အသင်းသူ၊ အသင်းသားတွေစုပေါင်းသွေးလှူဒါန်းတာဖြစ်ပါတယ်၊ ပြည်သူတွေ၊ တပ်မတော်သားတွေ၊ တပ်မတော်သားမိသားစုဝင်တွေ သွေးလိုအပ်တဲ့အခါမှာအဆင်ပြေစွာအသုံးပြုနိုင်ရန်အတွက် ယခုကဲ့သို့လှူဒါန်းခြင်းဖြစ်ပါတယ်၊ ယနေ့မှာအသင်းသားအသင်းသူ (၁၀၀)ကျော်ပါဝင်လှူဒါန်းပါတယ်ဟု ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို ဒုတိယဥက္ကဋ္ဌ ဦးပြည်စိုးဟန်ကပြောသည်။
ယင်းအပြင် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဗဟိုမှကြီးကြပ်ကာ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံ(ခုတင်၅၀၀)နှင့် တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)တို့တွင်လည်း သွေးလှူဒါန်းပွဲများကိုဆက်လက်ပြုသွားမည်ဖြစ်သည်။ ထို့အပြင် အရေးပေါ်သွေးလိုအပ်ပါကလည်း တိုင်းဒေသကြီးပြည်နယ်များရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ရုံများတွင် ဆက်သွယ် အကူညီတောင်းခံနိုင်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)