သင်္ဃန်းကျွန်းမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်တည်ဆောက်ရေး ဆွေးနွေးပွဲပြုလုပ်၍ ကွင်းဆင်းစစ်ဆေး

သင်္ဃန်းကျွန်း  မတ်  ၁၆

သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်တည်ဆောက်ရေးအတွက် တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးနှင့် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း‌ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း‌ဆွေးနွေးခဲ့ကြသည်။ ထို့နောက် သင်္ဃန်းကျွန်းမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်တည်ဆောက်နိုင်‌ရေးအတွက် ဌာနဆိုင်ရာများ၊ ကြီးကြပ်မှုကော်မတီဝင်များက မြေပြင်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဇော်ဦး၊ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ညွန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်း၊ ခရိုင်စည်ပင်အင်ဂျင်နီယာ ဦးကျော်ဝင်း၊ ခရိုင်သာသနာရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဝင်များ၊ ကျိုက္ကစံဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းအောင်(ပြန်/ဆက်)