ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာန ပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ငါန်းဇွန် မတ် ၁၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ငါန်းဇွန်စာစစ်ဌာနတွင် ပြင်ဆင်ထားရှိမှုအခြေအနေအား ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်း၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ငါန်းဇွန်စာစစ်ဌာနဖြစ်သည့် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖြေခန်းများ၌ စာဖြေခုံများစီစဉ်ဆောင်ရွက်ထားရှိမှု၊ စာဖြေခန်းများ လေဝင်လေထွက်ကောင်းမွန်မှု ရှိ/မရှိ၊ အလင်းရောင်ကောင်းမွန်စွာရရှိနိုင်ခြင်း ရှိ/မရှိ၊ စာမေးပွဲဖြေဆိုနေစဉ် လျှပ်စစ်မီးများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ စာစစ်ဌာနနှင့် ပတ်ဝန်းကျင်မီးဘေးလုံခြုံရေး စနစ်တကျဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူ ဆရာ ဆရာမများအား လိုအပ်သည်များ ဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ မှာ ငါန်းဇွန်စာစစ်ဌာန၌ (၂၉၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)