ကော့မှူး မတ် ၁၅
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား/ကျောင်းသူများ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ အခြေခံပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် ပန်းချီပညာကို အခြေခံမှစ၍ အလွယ်တကူရေးဆွဲတတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မိမိတို့ဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို လူငယ်လူရွယ်များအတွက်လည်း တတ်မြောက်ထားသင့်သည့် သင်တန်းများကို ရွေးချယ်ဖွင့်လှစ်ပေးနေလျက်ရှိပြီး အခြေခံအင်္ဂလိပ်စာသင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပန်းချီပညာရှင် ဦးမောင်မောင်ချမ်းမြက သင်တန်းကာလတိုတောင်းသော်လည်း အတိုင်းအတာတစ်ခုအထိ တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် အခြေခံပန်းချီ၏ သဘောတရားနှင့် အခြေခံပန်းချီပညာရပ်များဖြစ်ကြသည့် မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းယိုင်များဖြင့် ပန်းချီတည်ဆောက်ပုံများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ ၃၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၇)ရက်ကြာ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ(ပြန်/ဆက်)