မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် မုဒွန်းအရှေ့ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ချောင်းဆုံ မတ် ၁၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မုဒွန်းကျေးရွာရှိ  ကျောင်းသား၊ကျောင်းသူများ လွယ်ကူချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက်  အခြေခံပညာမူလတန်းကျောင်း  ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မုဒွန်းကျေးရွာ (မုဒွန်း-အရှေ့) မူလတန်းကျောင်းတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်၊ ခရိုင်တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေပျော်၍ စာတော်သောကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် ပညာသင်ကြားနေသောကျောင်း၏ ဥပဓိရုပ်ကောင်းမွန်ရေးသည် အရေးကြီးကြောင်း၊ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာမြင့်မားကာ ကုန်ထုတ် လုပ်မှု အထောက်အကူပြု ပညာရှင်များထွန်းကားလာစေရန်အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ခဲ့ရာ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကာ ကျေးရွာဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ဒေသခံများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ (မုဒွန်း-အရှေ့) အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်အား  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ပေ(၆၀x၃၀) Steel Structure  (၁)ထပ် ကျောင်းဆောင်သစ်အား ကျောင်းသား၊ ကျောင်းသူများ ချောမွေ့စွာပညာသင်ကြားနိုင်ရေး  ဆောက်လုပ်နိုင်ခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)