တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တာမွေ  မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်မျိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အမှုဆောင်အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် သင်္ဃန်းကျွန်းခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲအနေဖြင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းနှင့် မြို့နယ်ပြင်ပတို့တွင် ဆောင်ရွက်ပေးလျက်ရှိသည့် လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများစသည်ဖြင့်  လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချက်များနှင့် အားသာချက်များ၊ အသင်းအနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်မျိုးဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အစည်းအဝေးသို့ တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)