ချမ်းအေးသာစံ မတ် ၁၅
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့်ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတပ်နယ်မှအရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တိုင်းပညာရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း သတ်မှတ်စာစစ်ဌာနများတွင် မတ်လ ၁၇ ရက်မှ စတင်၍ မတ်လ ၂၂ရက်အထိ ပိတ်ရက်မရှိ တစ်ချိန်တည်း တပြိုင်တည်း ကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ပေါင်းစပ်ဆွေးနွေးဆောင်ရွက်ပေးနိုင်ရန် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ လမ်းညွှန်ချက်များအပေါ် အလေးအနက်ထားကာ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စာမေးပွဲမကျင်းပမီ၊ ကျင်းပချိန် ကာလများအတွင်း ဆောင်ရွက်ရမည့် လုံခြုံရေးသတိ၊ လုံခြုံရေးအသိဖြင့် လစ်ဟင်းမှုမရှိစေဘဲ ဆက်စပ်ဌာနများ၊ အဖွဲ့စည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့သွားလာနေကြရသည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲအား အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေး၊ စာဖြေခန်းသို့ အချိန်မီရောက်ရှိရေး၊ စာဖြေခန်းများ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်ရေး၊ ဘာသာရပ်အလိုက်စာမေးပွဲ ပြီးဆုံးသည်အထိ ဖြေဆိုသွားရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ထူးခြားဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ တိကျမှန်ကန်စွာဖြင့် တင်ပြသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးမြောက်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာနှင့် ပတ်သက်၍ ပြောကြားပြီးနောက် တိုင်းဒေသကြီးပညာရေးမှူးက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ မန္တလေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၈၉)ခု ဖွင့်လှစ်ထားရှိမှု၊ စာစစ်ဌာနအလိုက် ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ ဦးရေ စာရင်းပေးသွင်းထားမှု၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက စာမေးပွဲမကျင်းပမီနှင့် ကျင်းပချိန်ကာလများတွင် ဆောင်ရွက်မည့် လုံခြုံရေးအစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တပ်နယ်မှအရာရှိကြီးများက တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် အောင်မြင်အောင်ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက စာမေးပွဲမကျင်းပမီနှင့် ကျင်းပချိန်ကာလများတွင် ကြိုတင်ဆောင်ရွက်မည့် အစီအမံများအပေါ် ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှင်းလင်းတင်ပြချက်များနှင့် ဖြည့်စွက်ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)