လယ်ဝေး မတ် ၁၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်စိုက်ပျိုးရေးကြီးကြပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၏ ဦးဆောင်မှုဖြင့် ဒု-ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအုပ်စု၊ ကြောင်ရေကျေးရွာရှိ တောင်သူအသိပညာပေး စင်တာ(KC)တွင် နွေစပါးနှင့် နွေသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြောင်ရေ၊ နောင်ဘို၊ သပြေပင်၊ ရွှေပြည်အေး၊ ကူသပိတ်၊ သဲကောကြီးနှင့် ပြောင်ခေါင်းကြီးကျေးရွာအုပ်စုများမှ တောင်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဒု-ဥက္ကဋ္ဌ ဦးဝင်းအောင်က မြို့နယ်အတွင်း နွေစပါး ရေပေးဝေခြင်းကို မတ်လ ၁၅ ရက်နေ့တွင် စတင်ဆောင်ရွက်ရန် စီစဉ် ဆောင်ရွက်ထားပါကြောင်း၊ မတ်လအတွင်း မိုးစပါးနှင့်မိုးသီးနှံများကို အပြီးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နွေနှမ်းစိုက်ပျိုးရာတွင် မိုးကြိုကာလ၌ သက်တမ်းတိုသည့် သက်လျင်မျိုးများကို စိုက်ပျိုးရမှာ ဖြစ်ပါကြောင်း၊ ရေဝပ်နိုင်သည့်နေရာများတွင် ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးရေး၊ စိမ့်မြောင်း၊ ပတ်မြောင်းများ တူးဖော်ရေးဆောင်ရွက်သွား ရမှာဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် ရေရယူသုံးစွဲရာတွင် ညီညီညွတ်ညွတ်နှင့် ရေအလေအလွင့်မရှိစေရေး စနစ်တကျဖြင့် ရယူသုံးစွဲသွားရမှာ ဖြစ်ပါကြောင်း၊ နွေစပါး သီးနှံများကို စိုက်ပျိုးရာတွင် ကြဲပက်ခြင်းမဆောင်ရွက်ဘဲ ပျိုးထောင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးရေးဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ နွေစပါး တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မြေဆီလွှာပြုပြင်ခြင်းလုပ်ငန်းကို အဓိကအလေးထားဆောင်ရွက်ရန်နှင့် မြေဆီလွှာကောင်းမွန်မှသာ အခြားဆောင်ရွက်ချက်များဖြစ်သည့် မျိုး၊ ရေ၊ နည်းစနစ်များ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်/ကြပ်ကော်မတီဝင် မြို့နယ်ဆည်မြောင်း(တည်-၅)မှ A.E ဦးစိုးဝေလင်းထွန်းက မြောင်းမကြီးများနှင့် လက်တံမြောင်းများရေပေးဝေမည့် အခြေအနေများကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းက ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်၊ ဆောင်ရွက်ရမည့်နည်းလမ်း၊ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးသင့်သည့် သီးနှံများနှင့် အားသာချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူတောင်သူများက လိုအပ်ချက်များ တင်ပြရာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ နွေစပါးနှင့်နွေသီးနှံစိုက်ပျိုးရန် ဆည်၊ ကန်အလိုက် လျာထားချက်အနေဖြင့် နွေစပါး ၁၇၆၀၁ ဧက၊ နွေနှမ်း ၅၈၃၉ ဧက၊ နွေအခြားသီးနှံ ၅၈၂ ဧက၊ စုစုပေါင်း ၂၄၀၂၂ ဧက လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေကြည်( ပြန်/ဆက်)