နေပြည်တော်ကောင်စီဝင် ဦးမင်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

လယ်ဝေး မတ် ၁၅

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင်သည် နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မင်းကို၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်ထက်ခိုင်စိုး၊ မြို့နယ်လမ်းဦးစီးဌာနဦးစီးမှူး ဦးသန့်ဇင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ၊ QCကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်း ဆောင်ရွက်သည့် Lot အရေအတွက် ရှစ်ခု၊ တည်ဆောက်ရေးလုပ်ငန်း ၁၃ခု ၏ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် QC ကုမ္ပဏီနှင့် တင်ဒါအောင်မြင်ဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင်က ပြင်ဆင်ဆောင်ရွက်ရန်အချက်များအား မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)