စစ်တွေ မတ် ၁၅
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် ပြန်လည်ပြုပြင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကို မတ်လ ၁၃ ရက်နေ့နံနက်ပိုင်းက အဆိုပါစေတီတော် ဓမ္မာရုံ၌ကျင်းပရာ စစ်တွေမြို့၊ ကြွဖြူဘုန်းတော်ကြီးကျောင်း တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ စေတီတော် ဂေါပကအဖွဲ့ဝင်များ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လက်ဝဲသလုံးတော်ဓာတ် စေတီတော်တွင် ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီးများကပ်လှူပူဇော်ကြသည်။ ထို့နောက် အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ကြပြီး စစ်တွေမြို့၊ ကြွဖြူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများကစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် တံခွန်တိုင်ထီးတော်များအား ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များရွတ်ပွားချီးမြှင့်တော်မူကြကာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန် ရှိသူများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်များကို ပင့်ဆောင်၍စေတီတော်အားလှည့်လည် ပူဇော်ကြပြီး မင်္ဂလာအချိန်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က စိန်ဖူးတော်၊ ငှက်မြတ်နားတော် များကိုတင်လှူပူဇော်ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များက လက်ဝဲသလုံးတော်ဓာတ်စေတီတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ကြပြီးစစ်တွေမြို့၊ ရွှေစေတီကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအရိယဝံသက ဗြဟ္မဟိပါဠိ ဘာသာဖြင့် ဇေယျသိဒ္ဓိဓာမ်ဂါထာ ရွတ်ပွားပူဇော်သည်။
ယင်းနောက် အလှူရှင်များက လက်ဝဲသလုံးတော်ဓာတ်စေတီတော်အား ရွှေသင်္ကန်းကပ်လှူရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြပြီး စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသ မထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူ၍လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။ အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး တိုင်းမှူးနှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့် အရာရှိကြီးများသည် ဌာနဆိုင်ရာများ၊ စာစစ်ဌာနများမှ ကြီးကြပ်ရေးမှူးများ နှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ကြပြီး ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့တို့မှ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ပညာရေးမှူးများ၊ ကြီးကြပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများက Video Conference စနစ်ဖြင့်တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မတ်လ(၁၇) ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တစ်ပြိုင်တည်း၊ တစ်ချိန်တည်း ကျင်းပရသော အရေးကြီးသည့် စာမေးပွဲကြီးတစ်ခုဖြစ်ပြီး အနှောက်အယှက်ကင်းကင်း စိတ်အေးချမ်းသာစွာ၊ လုံခြုံမှုရှိစွာ စာမေးပွဲဖြေဆိုနိုင်ရန် အလွန်အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန(၈)ခုတွင် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူဦးရေသည် စစ်တွေမြို့တွင် (၇၀၂) ဦး၊ ကျောက်ဖြူမြို့တွင် (၈၃၄) ဦး၊ မာန်အောင်မြို့တွင် (၅၆၃) ဦး ဖြေဆိုသွားကြမည်ဖြစ်ကြောင်း၊ ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ၊ စာမေးပွဲတွင် ကြီးကြပ်ကြမည့် ဆရာ၊ ဆရာမများ အဆင်ပြေစေရန်အတွက် သယ်ယူပို့ဆောင်ပေးမည့် အစီအစဉ်များကို လည်း ဆောင်ရွက်ထားရှိကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကြိုတင်တွေ့ဆုံညှိနှိုင်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားနေမှုကို သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုစဉ်အတွင်း မသာမာမှုကင်းရှင်းပြီး အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အတွင်းစည်း၊ အပြင်စည်း တာဝန်ရှိသူများက ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာဆောင်ရွက်ပေးသွားကြရန်နှင့် ထူးခြား ဖြစ်စဉ်များပေါ်ပေါက် လာပါကလည်း အချိန်နှင့်တပြေးညီသတင်းပို့ တင်ပြသွားကြရန်နှင့် လိုအပ်ချက်များရှိပါက ဆွေးနွေးတင်ပြပေးကြရန်ပြောကြားသည်။
ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးက တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ရမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။ ယင်းနောက် ပြည်နယ်လူမှုရေးရာ ဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ အားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ပညာရေးဌာနနှင့် စာမေးပွဲဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များကို ထောက်ပံ့ပေးအပ်ချီးမြှင့်ထားရှိမှုနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသူများက တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်ကြိုတင် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့်အစီအစဉ်များ စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းတို့ ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ပြန်လည်ဆွေးနွေးပေးသည်။
တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)