မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် မတ် ၁၄

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယခုမတ်လ (၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးကင်းလုံခြုံစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တာဝန်ရှိသူများမှ အနှောက်အယှက်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန်၊ မွန်ပြည်နယ်၌ စာစစ်ဌာန (၂၃)ခုရှိပြီး ကျောင်းသား၊ ကျောင်းသူ (၉၃၅၃)ဦး ဖြေဆိုမည်ဟု စာရင်းပေးသွင်းထားကြောင်း၊ စာမေးပွဲဖြေဆိုသည့် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာစာဖြေဌာနသို့ သွားလာမှုအဆင်ပြေစေရေး၊ မော်တော်ယာဥ်လိုင်းများ တိုးချဲ့ပြေးဆွဲရေး၊ ယာဥ်ရှုပ်ထွေးသည့် နေရာများတွင် ယာဥ်ထိန်းရဲများ တာဝန်ချထားပေးရေး၊ စာမေးပွဲဆိုင်ရာလုပ်ငန်းများ လုံခြုံမှုရှိစေရေး၊ လျှပ်စစ်မီး မပျက်တောက်စေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ်ကျော်လင်းမောင်က ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် မိမိတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်ပေးမည့် အစီအစဥ်များနှင့် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တက်ရောက်လာသည် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)