နေပြည်တော် မတ် ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ကျီအင်းကျေးရွာ အုပ်စုရှိ တောင်သူလယ်သမားများနှင့် အကျိုးတူကန်ထရိုက်စနစ်ဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်၍ ဟင်းသီး ဟင်းရွက် အေးခဲထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့လျက်ရှိသည့် Myanmar Agri Foods Co., Ltd သို့ ရောက်ရှိပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများ၊ ထုတ်ကုန် များ ပြည်ပဈေးကွက်သို့ တင်ပို့နေမှု၊ တောင်သူများနှင့် အကျိုးတူကန်ထရိုက်စနစ်ဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်နေမှုများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ တောင်သူလယ်သမားများနှင့် အကျိုးတူကန်ထရိုက်စနစ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တောင်သူလယ်သမားများ ဝင်ငွေပိုမိုရရှိရေး၊ ကုန်ကြမ်းများ လုံလောက်စွာရရှိရေး၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဌာနဆိုင်ရာများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ တက်ရောက်ကြသည်။
ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဌာနဆိုင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များကို တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ သွားလာမှုအဆင်ပြေစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းရေး၊ စာမေးပွဲဆိုင်ရာ လုံခြုံရေးနှင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေရေးတို့ကို လပ်ဟာမှုမရှိစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပူပြင်းခြောက်သွေ့ရာသီ ရောက်ရှိလာပြီးဖြစ်သဖြင့် တောမီးနှင့်အခြား မီးလောင်ကျွမ်းမှုများကို ကာကွယ်ထိန်းချုပ်ရေး၊ ရိုးပြတ်များနှင့် စိုက်ပျိုးရေး စွန့်ပစ်အမှိုက်များကို မီးမရှိဘဲ သဘာဝ မြေဩဇာအဖြစ် ပြန်လည်အသုံးပြုရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး၊ မြို့နယ်/ ရပ်ကွက်/ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးတို့ကို စနစ်တကျစီမံဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မီးခိုးမြူငွေ့များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ဖြစ်ပေါ်စေသည့်အပြင် လေထုညစ်ညမ်းပြီး လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျလိုက်နာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက် နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)