သထုံ မတ် ၁၄
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် (၂၄)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနားကို တပေါင်းလပြည့်နေ့နံနက်က ရွှေစာရံစေတီတော် ပုရဝုဏ်ရှိ သု၀ဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အရုဏ်တက်အချိန်၌ သထုံမြို့နယ်အတွင်းရှိ စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်တို့က စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ကြသည်။
ယင်းနောက် သုဝဏ္ဏဘူမိသာသနာ့ဗိမ္မာန်တော်၌ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြပြီး သထုံမြို့၊ ညောင်လေးပင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာထံမှ သီလခံယူကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ်အစရှိသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ အလှူရှင်များက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် သဒ္ဓမဇောတိကာရာမကျောင်းတိုက် ပဓာနနာယကဆရာတော် ပိဋကတ္တရပါရဂူ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနာဘိဝံသထံမှ ရေစက်ချအနုမောဒနာတရား နာယူခဲ့ကြသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် အလှူရှင်များစုပေါင်းကာ ကြွရောက်လာကြသည့် ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)