ချောင်းဆုံမြို့နယ်၌ ဧည့်သည်ခေါ်ဘုရားပွဲတော်များတွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ထည့်သွင်းဆောင်ရွက်

ချောင်းဆုံ မတ် ၁၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက ထင်ရှားသည့် ဧည့်သည်ခေါ် ဘုရားပွဲတော်များကို နှစ်စဉ်ရိုးရာအစဉ်အလာမပျက်ကျင်းပခဲ့ရာ  ယမန်နေ့ တပေါင်းလပြည့်နေ့တွင် ပြုလုပ်သည့် ကွမ်သဲကျေးရွာ ကျိုက်ကွဲဘုရားပွဲတော်နှင့် ဒရယ်ကျေးရွာဧည့်သည်ခေါ် ဘုရားပွဲတော်များတွင် မြန်မာ့ရိုးရာ သနပ်ခါးမဏ္ဍပ်များ၊   စတုဒီသာမဏ္ဍပ်များတွင် အေးချမ်းပျော်ရွှင်စွာ လာရောက်ဆင်နွှဲသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဧည့်သည်ခေါ်ဘုရားပွဲတွင် ရွာလုံးကျွတ် အိမ်တိုင်းအိမ်တိုင်းမှာလည်း ဘုရားပွဲ လာရောက်လည်ပတ်ကြသူများနှင့် ဘုရားဖူးလာရောက်သူများကို အချိုရည်အအေး၊ မုန့်မျိုးစုံ၊ ထမင်းဟင်းနှင့် အခြားစားသောက်ဖွယ်ရာများကို နေအိမ်များတွင် ဧည့်ခံနိုင်ရန်ဖွယ်ဖွယ်ရာရာဖြင့် ပြင်ဆင်ထားပြီး စတုဒီသာမဏ္ဍပ်တွင်လည်း နှစ်စဉ်သင်္ကြန်ထမင်း (၅)တင်းခန့် ကျွေးမွေး ဧည့်ခံရတယ်လို့ ကွမ်သဲကျေးရွာမှ ဒေါ်တင်တင်ခိုင်ကပြောသည်။ အဆိုပါဧည့်သည်ခေါ် ဘုရားပွဲတော်များရှိ မြန်မာ့ရိုးရာ သနပ်ခါးမဏ္ဍပ်များတွင် သနပ်ခါး ကိုယ်တိုင်သွေးလိမ်း ခြယ်သူများ၊ ဘုရားဖူးကြသူများနှင့်ရပ်ဝေးရပ်နီးမှ လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)