ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသန့်ရှင်းသပ်ရပ်ရေးနှင့် လမ်းပြုပြင်တိုးချဲ့ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ မတ်လ ၁၂ ရက်နေ့နံနက်ပိုင်းက တာမွေမြို့နယ်(ခ)ရပ်ကွက် အရှေ့မြင်းပြိုင်ကွင်းနှင့် အနောက်မြင်းပြိုင်ကွင်းလမ်းကြားရှိ ကျိုက္ကစံအားကစားကွင်းအတွင်း သန့်ရှင်းသာယာ သပ်ရပ်ရေးဆောင်ရွက်နေမှုနှင့် စက်ယန္တရားဖြင့် မြေညှိပြုပြင်ဆောင်ရွက်နေမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီးနောက် မှော်ဘီမြို့နယ် သဲဖြူကျေးရွာရှိ သဲဖြူတောရဓမ္မရိပ်သာ ကျောင်းတိုက်အတွင်းရှိလမ်းများ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ပြည်လမ်းမှ သဲဖြူတောရဓမ္မရိပ်သာကျောင်းအထိ သဲဖြူတောရ ဓမ္မရိပ်သာအဝင်လမ်း လမ်းဘေးဝဲ/ယာ ကွန်ကရစ်တိုးချဲ့ခင်းခြင်း လုပ်ငန်းများကိုလိုက်လံ ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မှော်ဘီမြို့နယ် သဲဖြူကျေးရွာရှိ သဲဖြူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်အတွင်းတွင် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ကျောင်းဝင်းအတွင်း အကျယ် ၁၂ပေ၊ ၁၄ပေ၊ ၁၆ပေ၊ ၁၈ပေ၊ ထု ၂လက်မ၊ ကျောင်းအတွင်းလမ်းများ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြည်လမ်းမှ သဲဖြူတောရဓမ္မရိပ်သာ ကျောင်းအထိ အကျယ် ၃ပေ၊ ထု ၆လက်မရှိ သဲဖြူတောရ ဓမ္မရိပ်သာအဝင်လမ်း လမ်းဘေးဝဲ/ယာ ကွန်ကရစ်တိုးချဲ့ခင်းခြင်းလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အောင်မြင့်(ပြန်/ဆက်)