ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

တောင်ကြီး မတ် ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့ကို ဘွဲ့တံဆိပ်တော် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးစောင်းပညာရှင် မယ်ဆွေ(အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်၊ရန်ကုန်)နှင့် အဆိုပညာရှင်သက်နှင်းဦး (နိုင်ငံတော်ရွှေတံဆိပ်ဆုရှင်)တို့မှ ထူးမခြားနားသီချင်းခံကို တီးခတ်၍ သီဆိုပူဇော်ကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်တောင်ကြီးမြို့ ရှမ်းပိဋကတ်ကျောင်းတိုက်ဦးစီး ပဓာနနာယကအဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တဝါယာမထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးက သမ္မောဒနီယ သြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။

ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများအား ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပေးကြပြီး သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်များကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ဆက်ကပ်လှူဒါန်းပေး၍ ဘွဲ့တံဆိပ်တော်ရလူပုဂ္ဂိုလ်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ တောင်ကြီးမြို့ဓမ္မဝိဒူ(အုပ်ဖိုကျောင်းတိုက်) ပဓာနနာယက မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ဘဒ္ဒန္တရာဇာဘိဝံသထံမှ အနုမောဒနာ တရားနားကြ၍ ရေစက်သွန်ချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အောင်စွာပြီးမြောက်ကြောင်း သိရသည်။

ယင်းနောက် ဆရာတော်သံဃာတော်ကြီးများ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများတို့ ဆွမ်းဆန်စိမ်းလောင်းလှူပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)