တောင်ကြီးမြို့တွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

တောင်ကြီး မတ် ၁၄

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၁၃၈၆ ခုနှစ် တပေါင်းလပြည့်နေ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြပြုဗဟိူဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းရင်းဆေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်မြင့်က မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)ဥက္ကဋ္ဌမှ မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့အတွက် ပေးပို့သည့်သဝဏ်လွှာကိုဖတ်ကြားပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ဗဟိုအလုပ်မှုဆောင် ဆရာကြီးဦးကျော်စိုးက မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့သည် ပညာရှင်ရှေးဆေးသမား၊ ကျေးဇူးတရားမမေ့ငြားဆိုသည့် ဆောင်ပုဒ်ရည်ရွယ်ချက်နှင့် မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းဆေး ဆရာသမားတော်များ စည်းလုံးညီညွတ်စွာဖြင့် နှစ်စဥ်ကျင်းပကြသည့်ပွဲဖြစ်ပါကြောင်း၊ မြန်မာ့ တိုင်းရင်းဆေးပညာသည် သမိုင်းမှတ်တမ်းများအရ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်၊ ရတနာပုံစသည့် မြန်မာဘုရင်များအဆက်ဆက် ချီးမြှင့်မြောက်စားခဲ့သော မြန်မာ့ ယဥ်ကျေးမှုအမွေအနှစ် တော်ဝင်ဆေးပညာဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ကျန်းမာရေးကို တိုင်းရင်း ဆေးပညာဖြင့်စောင့်ရှောက်ခဲ့ကြသော သမားတော်ကြီးများ၏ ဂုဏ်ကျေးဇူးများ၊ ခက်ခဲနက်နဲသော မြန်မာ့တိုင်းရင်းဆေးပညာရပ်၏ဂုဏ်ကျေးဇူးများကို လေးစားဂုဏ်ပြုသောအားဖြင့် တပေါင်း လပြည့်နေ့အား မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့အဖြစ်သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနား များ ကျင်းပခဲ့ပါကြောင်း၊ မြန်မာပြက္ခဒိန်၏နောက်ဆုံးလဖြစ်သော တပေါင်းလသည် ဆောင်းဥတု အကုန် နွေဥတုအစဖြစ်သောကြောင့် ရာသီဥတုမှာမပူလွန်းမအေးလွန်းပဲ ညီညွတ်မျှတသော အချိန် ကာလဖြစ်ခြင်း၊ တပေါင်းလသည် နေ၊ လ၊ ကြယ်တာရာ၊ (၂၇)လုံးသောနက္ခတ်နှင့် ဂြိုလ်ကြီး (၉) လုံး တို့ တစ်ပေါင်းတစ်စည်းတည်း ပြည့်စုံစွာထွက်ပေါ်သော အချိန်အခါဖြစ်ခြင်း၊ ရွက်ဟောင်းကြွေ၍ တစ်ဖန်ထွက်ပေါ်လာသော ရွက်သစ်များက အာဟာရပြည့်ဝပြီး ဆေးဖက်ဝင်စေကာ သက်ရှိသတ္တဝါ များအပေါ် သဘာဝအလျှောက် ကျန်းမာရေးညီညွတ်မှုကို ဖြစ်စေခြင်းတို့ကြောင့် တပေါင်းလပြည့်နေ့ ကို နေ့ကောင်းနေ့မြတ်အဖြစ် မှတ်တမ်းပြု၍ မြန်မာ့တိုင်းရင်းဆေးသမားတော်‌နေ့ဟု သတ်မှတ်ကာ ခေတ်အဆက်ဆက်သမားတော်ကြီးများက အစဥ်အလာမပြတ် ကျင်းပခဲ့ကြခြင်း ဖြစ်ပါကြောင်းပြော ကြားသည်။

ထို့နောက် တိုင်းရင်းဆေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးဌာနမှူး ဒေါ်ခင်ခင်ဦးနှင့် ဝုန်းဝမ်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဒေါ်နန်းဆိုင်သီရိအောင်တို့က ၂၀၂၄ ခုနှစ် ငွေစာရင်းရှင်းတမ်းနှင့် သမားတော်များနေ့အလှူရှင်စာရင်းများအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး ရှမ်းပြည်နယ်တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌ ဦးအေးကိုက တိုင်းရင်းဆေးဆရာအသင်းသားအသစ်များအား အသင်းဝင်ကတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)