မိုင်းပျဉ်းမြို့၌ မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအခမ်းအနားကျင်းပ

မိုင်းပျဉ်း မတ် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ဖြစ်သော မြန်မာ့သနပ်ခါးနေ့(တပို့တွဲလပြည့်နေ့) အထိမ်းအမှတ်အဖြစ် သနပ်ခါးလှုပ်ရှားမှုအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးအောင်ဝင်းက မြန်မာ့သနပ်ခါးနေ့အထိမ်းအမှတ်လှုပ်ရှားမှု အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦး၊ မြို့နယ်အမျိုးသမီးရေးရာအတွင်းရေးမှူး ဒေါ်နန်းဝိုးစိန်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်နန်းပင်းတစ်(ပ်)တို့က  မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ကမ္ဘာ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ထားရှိကြောင်း၊ နှစ်စဉ်တပို့တွဲလပြည့်နေ့ကို မြန်မာ့ရိုးရာသနပ်ခါးနေ့အဖြစ် မြန်မာနိုင်ငံသနပ်ခါးအသင်းမှ သတ်မှတ်ထားရှိခဲ့ကြောင်း၊ မြန်မာ့သနပ်ခါး၏ ဆေးဖက်ဝင်အာနိသင်များအကြောင်း၊ မြန်မာ့သနပ်ခါး စိုက်ပျိုးထွက်ရှိရာဒေသများအကြောင်း၊ မြန်မာ့သနပ်ခါးအား ရှေးနှစ်ပေါင်းများစွာကတည်းက အမြတ်တနိုးတန်ဖိုးထား သုံးစွဲခဲ့ကြပုံအကြောင်းနှင့်  မိမိတို့၏ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို လက်ခံကျင့်သုံးထိန်းသိမ်းသွားကြရန်လိုကြောင်း ဆွေးနွေးပြောကြားကြပြီး၊ တက်ရောက်လာသူ မြန်မာအမျိုးသမီး တိုင်းရင်းသူများအားလုံးက မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားမှုပြသသည့်အနေဖြင့် အချင်းချင်းသနပ်ခါးများ ပျော်ရွှင်စွာလိမ်းခြယ်ပေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအမျိုးသမီးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တိုင်းသားယဉ်ကျေးမှုအဖွဲ့များမှ တိုင်းရင်းသူများနှင့် ကျောင်းသူလေးများ စုံလင်စွာဖြင့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်ဆက်)