ပင်းတယမြို့၌ တ‌ပေါင်းလပြည့်နေ့တွင် ဘုရားဖူးဧည့်သည်များဖြင့် စည်ကား

ပင်းတယ မတ် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ တပေါင်းလပြည့်နေ့တွင် ရပ်နီး/ရပ်ဝေးမှဘုရားဖူးများ၊ လာရောက်လည်ပတ်သူ ဧည့်သည်များဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့သည် အေးချမ်းသာယာ၍ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ရှေးဟောင်းစေတီပုထိုးပေါများသော တောင်ပေါ်မြို့လေးဖြစ်ပြီး၊ ယနေ့ တပေါင်းလပြည့်နေ့၌ လိုဏ်ဂူတော်အတွင်း ဘုရားစေတီအဆူပေါင်း (၈၀၉၄) ဆူရှိသည့် ရှေးဟောင်းသမိုင်းဝင် သဘာဝရွှေဥမင်လိုဏ်ဂူတော်ဘုရားကြီးတွင် ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ပလောင်အစရှိသည့် ဗုဒ္ဓဘာသာဝင် အလှူရှင်မိဘပြည်သူများက ဆွမ်း၊ ရေချမ်း၊ ပန်း၊ ခဲဖွယ်တို့အား လာရောက်ဆက်ကပ်လှူဒါန်းနေကြကြောင်း သိရပြီး၊ ကုံလုံစဉ့်စံကျောင်းတော်၊ အထင်ကရတန်ခိုးကြီးဘုရား‌စေတီတော်များနှင့် သဘာဝပုန်းတလုတ်ရေကန်တို့တွင် ရပ်နီး/ရပ်ဝေးမှ ဘုရားဖူးဧည့်သည်များ၊ လာရောက်လည်ပတ် အပန်းဖြေကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)