တာမွေ မတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က လူ့အခွင့်အရေးအခြေခံအယူအဆအကြောင်း၊ လူသားတစ်ဦးချင်း၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာစံနှုန်းများအကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းတို့နှင့် ပတ်သက်၍လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းတို့နှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့်အသိပညာပေး အသီးသီးရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကိုမေမြန်းခဲ့ကြရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
“ကျွန်မတို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ကတော့ ဒီမူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်းမှာ သင်တန်းတက်ရောက်နေတဲ့ သင်တန်းသားများကို လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး မရှိမသိမဖြစ် အရမ်းကိုအရေးကြီးတဲ့ လူ့အခွင့်အရေးအခြေခံအယူအဆများအကြောင်း၊ လူ့အခွင့်အရေးလို့ ပြောလာတဲ့အခါမှာ လူတိုင်းမဖြစ်မနေ သိရှိဖို့လိုအပ်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းမှာပါတဲ့ အခွင့်အရေး၊ ကျွန်မတို့ ရရှိတဲ့အချိန်အတွင်းမှာ အတိုချုံးပြီး ပြောသွားမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းမှာက လူ့အခွင့်အရေးတွေတစ်ခုတည်းတင်မဟုတ်ဘဲနဲ့ လူသားတွေလိုက်နာစောင့်ထိန်းရမည့်၊ ဆောင်ရွက်ရမည့် ကျင့်ဝတ်တွေ၊ တာဝန်တွေ၊ ဒီအကြောင်းအရာတွေကိုလည်း အဓိကအကျယ်တဝင့် ပြောသွားမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုအနေနဲ့ကတော့ ဒီပြန်လည်ထူထောင်ရေးမှာ သင်တန်းတက်ရောက်နေတဲ့ သင်တန်းသားတွေအနေနဲ့ သူတို့တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးစံချိန်စံညွှန်းတွေက ဘာတွေလဲ၊ ဒီလိုအချက်မျိုးတွေကို ပြောသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အကြောင်းကိုလည်း သင်တန်းသားတွေ သိဖို့ရာအတွက် ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ လူသားရယ်လို့ စစချင်းမွေးဖွားလာတဲ့အချိန်ကစပြီးတော့ နောက်ဆုံးသေဆုံးချိန်အထိရှိတဲ့အတွက် လူ့အခွင့်အရေးဆိုတာ လူသားအားလုံးနဲ့သက်ဆိုင်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ ဒီကသင်တန်းသားတွေအနေနဲ့လည်း ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ဥပဒေတွေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတတွေတိုးပွားရရှိလာစေဖို့အတွက် ကျွန်မတို့ကော်မရှင်ကထုတ်ဝေတဲ့ လက်ကမ်းစာစောင်တွေ၊ စာအုပ်စာစောင်တွေကို ဖြန့်ဝေပြီးတော့လည်း အသိပညာပေးသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်ကပြောသည်။
မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လေ့ကျင့်မွေးထုတ်ထားသော စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများနှင့် ဖွဲ့စည်းထားသည့်အသင်းအဖွဲ့တစ်ခုဖြစ်ပြီး အဆိုပါအသင်းအနေဖြင့် မေတ္တာစံအိမ်မှ မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်တို့အတွက်ရည်ရွယ်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အသိပညာပေးဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)