ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက တွံတေးမြို့နယ်၌  ကျေးရွာစာကြည့်တိုက်နှစ်တိုက်ဖွင့်ပွဲ တက်ရောက်

တွံတေး မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာနိုင်ငံ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၏ မတည်ငွေ၊ ဒေသခံပြည်သူတို့၏ လှူဒါန်းမှုတို့ဖြင့်ဆောက်လုပ်သော ထိန်ကုန်းကျေးရွာ ပညာရွှေရောင်စာကြည့်တိုက်နှင့် ကံရွာကျေးရွာသုတအလင်းတန်းစာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့နံနက်က အဆိုပါစာကြည့်တိုက်များ၌ ကျင်းပခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ထိန်ကုန်းကျေးရွာ၊ ပညာရွှေရောင်စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဋ္ဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်၊ တွံတေးမြို့နယ် မငေး(အလယ်) ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဦးမျိုးမြင့်၊ ပညာရွှေရောင်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းစုစုကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များနှင့်တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး စာကြည့်တိုက်အတွင်း လှည်လည်ကြည့်ရှု့ကြသည်။

ဆက်လက်၍  ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက စာကြည့်တိုက်သုံးပရိဘောဂများနှင့် စာအုပ်စာစောင်များအား ပေးအပ်လှူဒါန်းရာ ထိန်ကုန်းကျေးရွာပညာရွှေရောင် စာကြည့်တိုက်မှူး ဦးအောင်ကြီးက လက်ခံရယူသည်။ ဆက်လက်၍ ပညာရွှေရောင်စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို တွံတေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက လက်ခံခဲ့သည်။ မငေး(အလယ်) ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဦးမျိုးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ကံရွာကျေးရွာသုတအလင်းတန်းစာကြည့်တိုက်ကို နံနက် ၁၁ နာရီအချိန်က  ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်၊ တွံတေးမြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းတန်၊ သုတအလင်းတန်းစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးသောင်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက စာကြည့်တိုက်အတွင်း လှည်လည်ကြည့်ရှု့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက စာကြည့်တိုက်သုံးပရိဘောဂများနှင့် စာအုပ်စာစောင်များအား ပေးအပ်လှူဒါန်းရာ ကံရွာကျေးရွာသုတအလင်းတန်း စာကြည့်တိုက်မှူး ဒေါ်မြင့်မြင့်သိန်းက လက်ခံရယူသည်။ ဆက်လက်၍ သုတအလင်းတန်း စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို ပေးအပ်ရာ အလားတူတာဝန်ရှိသူက လက်ခံခဲ့သည်။ ကံရွာကျေးရွာ၊ သုတအလင်းတန်းစာကြည့်တိုက်မှူးဒေါ်မြင့်မြင့်သိန်းက ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့သည်။

အဆိုပါ ပညာရွှေရောင်စာကြည့်တိုက်ကို  မြန်မာနိုင်ငံ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ မတည်ငွေကျပ်သိန်း(၁၅၀)၊ ကျေးရွာပြည်သူများမှ လှူဒါန်းငွေကျပ်(၄၅)သိန်း စုစုပေါင်းငွေကျပ် (၁၉၅)သိန်းဖြင့်လည်းကောင်း၊ သုတအလင်းတန်းစာကြည့်တိုက်ကို မြန်မာနိုင်ငံစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမတည်ငွေကျပ်သိန်း(၁၅၀)၊ ကျေးရွာပြည်သူများမှ လှူဒါန်းငွကျပ်(၅၀)သိန်း စုစုပေါင်းငွေကျပ် (၂၀၀)သိန်းဖြင့် လည်းကောင်း၊ (၂၀ပေ x၂၄ပေ  xအမြင့်၁၁ပေ) ဖြစ်ပြီး Steel Structure အုတ်ညှပ်(၁)ထပ် အဆောက်အဦးဖြစ်ကြောင်း သိရသည်။

တွံတေးသား