တန့်ယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း‌ဖြေဆိုမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကြည့်ရှုစစ်ဆေး

တန့်ယန်း မတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လအတွင်း ကျင်းပဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကြိုတင်၍ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကြည့်ရှုစစ်ဆေးမှုတွင် မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့်တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဝေဖြိုးလွင်နှင့်ဝန်ထမ်းများက တက္ကသိုလ်ဝင်တန်း‌စာမေးပွဲအား ကျင်းပဖြေဆိုကြမည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများရှိကြီးကြပ်ရေးရုံးခန်းများ၊ စာဖြေဆောင်များ၊ စာဖြေခန်းများနှင့်ပတ်ဝန်းကျင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။    

မင်းလွင်ဦး(ပြန်/ဆက်)