ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများနှင့် အိမ်တွင်းပလတ်စတစ်လျှော့ချရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကန့်ဘလူ မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းပြီး အမျိုးသမီးများနှင့်အိမ်တွင်း ပလတ်စတစ်လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်သော်က အမျိုးသမီးများနှင့်အိမ်တွင်း ပလတ်စတစ်လျှော့ချရေးဆိုင်ရာ သိကောင်းစရာများ၊ အမျိုးသမီးများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်နိုင်ရန်နှင့် ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်များကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အမျိုးသမီးများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောကြသည်။

ထို့နောက် တက်ရောက်လာကြသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)