မော်လမြိုင် မတ် ၁၂
၂၀၂၅ ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မော်လမြိုင်အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၏ (၄)ခန်းတွဲ (၄)ထပ် သူနာပြုအိမ်ရာအဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ ဝန်ထမ်းအိမ်ရာဝင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က မော်လမြိုင်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၏ (၄)ခန်းတွဲ(၄)ထပ် သူနာပြုဝန်ထမ်းအိမ်ရာ အဆောက်အုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့်ပန်ပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်၍ အဆောက်အအုံသစ်ရှိ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပတ်ဖျန်းပြီး အဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများဟာ အရေးကြီးသော အခန်းကဏ္ဍမှာပါဝင်နေ၍ ကျန်းမာရေးဝန်ထမ်းများအားလုံး နေရေးထိုင်ရေးမပူမပင်မိသားစုနှင့် အတူတကွ တာဝန်ထမ်းဆောင်ရပါက လုပ်ငန်းခွင်ပျော်ရွှင်ပြီး စိတ်အေးချမ်းသာစွာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်မှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှလည်း ဝန်ထမ်းအိမ်ရာများ ခွင့်ပြုပေးလျက်ရှိရာ မွန်ပြည်နယ် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၏ (၄)ခန်း တွဲ(၄)ထပ် သူနာပြုဝန်ထမ်းအိမ်ရာကို (၂၀၂၄-၂ဝ၂၅) ဘဏ္ဍာနှစ်ရဲ့ ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ကာ မော်လမြိုင်မြို့မှာ တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြုများရဲ့ နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် (၆၅ပေခွဲ × ၆၂ ပေ) RC (၄) ခန်းတွဲ (၄)ထပ်သူနာပြုအိမ်ရာ အဆောက်အအုံကို (၇-၆-၂၀၂၄) ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံဦးစီးဌာန၊ အဆောက်အအုံအထူးအဖွဲ့ (၁၃)မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဝန်ထမ်းအိမ်ရာအသစ်တည်ဆောက်ရာမှာ စံချိန်စံညွှန်းပြည့်မီစေဖို့နဲ့ သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်ပေးခဲ့တဲ့ အဆောက်အအုံအထူးအဖွဲ့ (၁၃)ကိုလည်း အထူးပဲကျေးဇူးတင်ရှိကြောင်း၊ ဝန်ထမ်းအိမ်ရာမှာ နေထိုင်ကြမယ့် နိုင်ငံ့ဝန်ထမ်းများအနေနဲ့ အိမ်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ကြရန်၊ အိမ်ခန်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားကြဖို့လိုအပ်သလို အိမ်ခန်းများကို သန့်ရှင်းသပ်ရပ်မှုရှိဖို့နဲ့ ပတ်ဝန်းကျင်စိမ်းလန်းသာယာစိုပြေစေရေးအတွက် ပန်းအလှပင်များ တပိုင်တနိုင်စိုက်ပျိုးရေးကိုလည်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ယင်းနောက် အဆောက်အအုံသစ် အချက်အလက်များအား အဆောက်အအုံအထူးအဖွဲ့ (၁၃)မှ တာဝန်ရှိသူက လွဲပြောင်းပေးအပ်ခဲ့ရာ ပြည်နယ်ကျန်းမာရေးဦးစီးမှူးက လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)