မိုးနဲ မတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အသိပေးနှိုးဆော်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုသက်၊ မြို့နယ်လျှပ်စစ်မှူး ဦးသိန်းသန်းစိုးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း အဖွဲ့ဝင်များက ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်နှင့် မကြုံတွေ့ရလေအောင် မီးသတ်တပ်ဖွဲ့ဥပဒေ (၁/၉၇)အရ ထုတ်ပြန်ထားသော မီးဘေးသတိမူရေး နှိုးဆော်ချက် များအား လိုက်နာဆောင်ရွက်ကြရန်နှင့် တည်းခိုခန်းနှင့် ဆိုင်ခန်းများတွင် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများထားရှိရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများအား အသုံးမပြုကြရန်နှင့် မီးဘေးအန္တရာယ်စိုးရိမ်ရသော လုပ်ငန်းများအား စစ်ဆေးခြင်းနှင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)