တက္ကသိုလ်၀င် စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများရှိရာ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေး

ရေဦး မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆာမူအဲ ဦးဆောင်၍ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကိုနိုင်နှင့် သန္ဓေတပ်ဖွဲ့၀င်များသည် မတ်လ (၁၁) ရက်နေ့ နံနက်ပိုင်းက တက္ကသိုလ်၀င်စာမေးပွဲ ဖြေဆိုမည့်စာစစ်ဌာနများရှိရာ  ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှု မြေပြင်အခြေအနေမှန်ကို သိရှိနိုင်ရေး ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ‌စာစစ်ဌာနများရှိရာ ရပ်ကွက်အတွင်းရှိ လူနေအိမ်နှင့် စက်ရုံအလုပ်ရုံများတွင် တပ်ဆင်အသုံးပြုလျှက်ရှိသော ဆိုလာ လျှပ်စစ်တပ်ဆင်ထားရှိမှု၊ စက်သုံးဆီ အရောင်းဆိုင်များတွင် သတ်မှတ်ထားသော အရေးပေါ်မီးငြှိမ်းသတ်ဆေးဘူးများထားရှိမှုနှင့် အမှန်တကယ်အသုံးပြု၍ ရ/မရ ကိုလည်းကောင်း၊ စက်ရုံအလုပ်ရုံများ လုပ်ငန်းသုံး စက်သုံးဆီ သိုလှောင်ထားရှိမှု စနစ်တကျ ရှိ/မရှိ၊ စားသောက်ဆိုင်းများတွင် အသုံးပြုလျက်ရှိသော ဖွဲမီးနှင့်ဂက်စ်အိုးများ စနစ်တကျသုံးစွဲမှု ရှိ/မရှိ တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့ပြင် မြို့နယ်မီးသတ်ဦးစီးမှူးက တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်စွာနှင့် စိတ်အေးချမ်းသာစွာ ကျင်းပ‌ဖြေဆိုနိုင်ရေးအတွက် ရပ်ကွက်နေပြည်သူများနှင့်  လုပ်ငန်းရှင်များဘက်မှ မီး‌လောင်မှု မဖြစ်ပေါ်စေရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် မီးငြှိမ်းသတ်ရေးပစ္စည်းများ အမြန် ဖြည့်ဆည်းထားရှိပေးကြရန်မှာကြားခဲ့ကြောင်း သိရသည်။

သန်းသန်း (ရေဦး )