ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြစ်၊ ချောင်းများအတွင်းရှိ အမှိုက်နှင့် ဒိုက်များ ဆယ်ယူရှင်းလင်း

ဆိပ်ကြီးခနောင်တို မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြစ်၊ ချောင်းများအတွင်းရှိ အမှိုက်နှင့် ဒိုက်များ ဆယ်ယူရှင်းလင်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် ခနောင်တိုချောင်းနှင့် တွံတေးတူးမြောင်းအတွင်း မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ စက်တပ်ရေယာဥ် (သမ္ဗန်)လိုင်း တာဝန်ရှိသူများက ခနောင်တိုချောင်းတစ်လျှောက်နှင့် တွံတေးတူးမြောင်းရှိ ရေလမ်းကြောင်းများအတွင်း ရေထဲတွင် မျှောပါနေသည့် အမှိုက်နှင့် ဒိုက်၊ ဗေဒါပင်များအား ဆယ်ယူရှင်းလင်းခြင်း၊ ချောင်းစပ်ကမ်းနားရှိ အမှိုက်များအား ဆယ်ယူရှင်းလင်းခြင်းတို့ကို  စက်တပ်ရေယာဥ်(သမ္ဗန်) နှစ်စီးဖြင့် လိုက်လံဆောင်ရွက်လျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်နေ ပြည်သူများအနေဖြင့် လတ်တလောတွင် ရေလမ်းခရီးကိုသာ အဓိကထားသွားလာနေရခြင်းဖြစ်၍ ရေယာဥ်စီးခရီးသည်များ အန္တရာယ် တစ်စုံတစ်ရာမဖြစ်ပေါ်စေရေးနှင့် ရေယာဥ်များ မောင်းနှင်ရာတွင် အန္တရာယ်ကင်းစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အပတ်စဥ် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)