ရတနာပုံတက္ကသိုလ်၌ အရည်အသွေးအာမခံမှုစနစ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

အမရပူရ မတ် ၁၃

အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး(အဆင့်မြင့်ပညာကဏ္ဍ)အတွက် ဆောင်ရွက်ရန် ချမှတ်ထားသည့်လုပ်ငန်းအစီအစဉ်တစ်ခုဖြစ်သည့် Quality Assurance စနစ်ကိုပညာရေးဥပဒေများနှင့်အညီကျင့်သုံးနိုင်ရန်၊ အာဆီယံတက္ကသိုလ်များအဆင့် အရည်အသွေးအာမခံမှုစနစ်တည်ထောင်နိုင်ရန်နှင့် အရည်အသွေးအာမခံမှုဆိုင်ရာလုပ်ငန်းစဉ်များ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရန်အတွက် အရည်အသွေးအာမခံမှုစနစ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို မတ် ၁၁ ရက် နေ့လည် ၂ နာရီက အဆိုပါတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ(၁) ၌ ကျင်းပပြုလုပ်သည်။

ဦးစွာပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အမှာစကားပြောကြားရာ အရည်အသွေးအာမခံမှုစနစ်ထူထောင်ရန်နှင့် အရည်အသွေးအသိအမှတ်ပြုရယူရန်လိုအပ်ပါကြောင်း၊ အရည်အသွေးအာမခံမှုစနစ်ထူထောင်ရန်အတွက် တက္ကသိုလ်အဆင့်တွင် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီက ပြဌာန်းမည့်စံသတ်မှတ်မှုနှင့်လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မော်မော်စိုးက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ ရန်ကုန်တက္ကသိုလ်ရှိ စိန်ရတုခန်းမတွင် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီက ကြီးမှူးကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်များ၊ကျောင်းများ၏ အရည်အသွေးအာမခံမှုနှင့် ပညာရေးဝန်ဆောင်မှုအားကောင်းလာစေရန်၊ အရည်အသွေးအာမခံမှုပြင်ပစစ်ဆေးအကဲဖြတ်မှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် 1st Engagement Forum အကြောင်းအရာများကို PowerPoint ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ ဘာသာရပ်ဌာနများမှ တက်ရောက်လာကြသူများသည် Programme Commitment Plan (Specdific) ဆိုင်ရာ အချက်အလက်များနှင့်ရလဒ်များကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာမာလာယုအောင်၊ ဒေါက်တာဦးဝင်းနိုင်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)