မုံရွာ မတ် ၁၃
3Rs စနစ်ကိုလိုက်နာခြင်းနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်တတ်စေရေး အသိပညာပေးပွဲအခမ်အနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ရှိ ကျောင်းခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များအား သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မဏ္ဍိုင် ၃ ရပ်လုံး ဟန်ချက်ညီစွာဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုစီးပွားရေး၊ ကျန်းမာရေးထိခိုက်မှု အနည်းဆုံးနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက 3Rs စနစ်ကိုလိုက်နာခြင်းနှင့်အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်တတ်စေရေး အသိပညာပေးအကြောင်းအား Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးထံ အမှိုက်ပုံးများပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကျင်းပသည့် ဧရာဝတီမြစ်အတွင်း အမှိုက်စွန့်ပစ်ခြင်းအား ကာကွယ်တားဆီးရေးလှုပ်ရှားမှု Campaign သို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ကျောင်းရှေ့မှစတင်၍ တာဝါတိုင်ဆိပ်အထိ တစ်ပျော်တစ်ပါးပလပ်စတစ်အမှိုက်များအား စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဧရာဝတီမြစ်အတွင်း အမှိုက်စွန့်ပစ်ခြင်းအား ကာကွယ်တားဆီးရေးလှုပ်ရှားမှု Campaign သို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များအား နံနက်စာများ ဝေငှပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ရှိ ထမင်းစားဆောင်၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အထူးနေ့လည်စာအား အတူတကွသုံးဆောင်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ကျောင်းအုပ်ဆရာမကြီးထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ပြန်/ဆက်