ချောင်းဆုံ မတ် ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူများ နွေ၊ မိုး၊ ဆောင်း သီးနှံစိုက်ပျိုးနိုင်၍ စားရေရိက္ခာ ဖူလုံစေရန်အတွက် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောက်လုပ်ခဲ့သည့် ကရင်ဝင်းစိန်ရေ ထိန်းတံခါးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ကရင်ဝင်းစိန်ကျေးရွာတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများ၏ အခြေခံလိုအပ်ချက်များကို အဘက်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် ချောင်းကော၊ မြောင်းကော၊ သဘာဝရေနုတ်မြောင်းများ ပြန်လည်တူးဖော်ခြင်းများ၊ မြစ်ကမ်းပါး၊ ချောင်းကမ်းပါးရှိ တာတမံများပြုပြင် တည်ဆောက်ခြင်း၊ ပင်လယ်ဒီရေဝင် ရောက်နိုင်သော ဒေသများတွင် ရေငန်တားတာများနှင့် ရေတံခါးများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေထိန်းတံခါးကိုလည်း ရေရှည်ကောင်းမွန်စွာ အသုံးပြုနိုင်ရေးအတွက် ဒေသခံများမှလည်း တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ရေထိန်းတံခါး ဆောက်လုပ်ပေးခြင်းနှင့်ပတ်သက်၍ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီးနောက်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများက ကရင်ဝင်းစိန်ရေထိန်းတံခါးကို ဖွဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ကရင်ဝင်းစိန်ရေထိန်းတံခါးအသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကရင်ဝင်းစိန်ရေထိန်းတံခါးကို မိုးစပါးလယ်မြေ (၁၃၅၁) ဧကအား ပင်လယ်ရေငန် ဝင်ရောက်မှု၊ ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရန်နှင့် ရေချိုသိုလှောင်ထိန်းသိမ်းနိုင်ရန်အတွက် ကရင်ဝင်းစိန်ချောင်း ရေခေါ်မြောင်းမကြီးအလျား ပေ(၄၇၀၀)နှင့် Slide Gate ၅ ချပ်ပါ အုတ်သံကူ ကွန်ကရစ် ရေထိန်းတံခါး အမျိုးအစားကို ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ငွေကျပ် သန်း (၅၃၀) ဖြင့် ဆောက်လုပ်ခဲ့ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)