ကျောက်ဆည် မတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတများပြည့်စုံစေရန် ယမန်နေ့နံနက် (၁၁)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးဘဝရှေ့အလားအလားနှင့် ဂုဏ်သိက္ခာများကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့် အလုပ်မျိုးတွင် လုပ်ကိုင်နေရသူများကိုဆိုလိုကြောင်း၊ ကလေးများ၏စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသည့် အလုပ်မျိုးနှင့် ပညာသင်ကြားရေးကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး၊ ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီ ကျောင်းမှထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်လေးလံသော အလုပ်များကို အချိန်လွန်ကဲကြာမြင့်စွာ လုပ်ကိုင်နေရသူများသည် ကလေးအလုပ်သမားများဖြစ်ကြောင်းနှင့် ကလေးအလုပ်သမားဖြစ်ရသည့် အကြောင်းအရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်တာဝန်များကို အသိပညာပေးဟောပြောခဲ့သည်။
သက်မောင်