ကျောက်ဆည် မတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေစပါးစိုက်တောင်သူအသင်းသားများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားရန်ပုံငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီက ပတ္တာကျေးရွာ ကွင်းအမှတ်(၂၀၉-က) နွေစပါးစိုက်တောင်သူ ဦးမြင့်အေး၏ နွေစပါးစိုက်ကွင်းတွင် သွင်းအားစုပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းက အသင်းသားများပံ့ပိုးချေးငွေရရှိရေး၊ သွင်းအားစုပစ္စည်းများ အချိန်မီရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နွေစပါး (၁)ဧကလျှင် ငွေ(၂)သိန်းကျပ်နှင့်ညီမျှသော သွင်းအားစုများ တောင်သူများလက်ဝယ်အရောက် အချိန်မီဆောင်ရွက်လျက်ရှိပါကြောင်း၊ စပါးသီးနှံများ ကာလလွန် ရိတ်သိမ်းခြင်းကြောင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး စပါးရိတ်သိမ်းချွေလှေ့စက် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပတ္တာ(စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း)သမဝါယမအသင်းမှ အသင်းသားတောင်သူ (၃၁)ဦးနှင့် (စံပြစိုက်ပျိုးထုတ်လုပ်ရေး)သမဝါယမအသင်းမှ အသင်းသားတောင်သူ (၄၄)ဦးတို့အား ငွေကျပ် (၆၆၈)သိန်းတန်ဖိုးရှိ သွင်းအားစုပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် နွေစပါးများအထွက်တိုးပွားရေး၊ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးပြည့်ဝသည့် ဇာမဏီကုမ္ပဏီမှထုတ်လုပ်သော ကွန်ပေါင်းဓာတ်မြေဩဇာများအကြောင်း မိတ်ဆက်ရှင်းလင်းခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးများကို အရှေ့ရွာနန်း(စံပြစိုက်ပျိုးထုတ်လုပ်ရေး)၊ တောင်ပလူ(စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း)၊ ပင်တလည်(စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း)၊ အင်ဒိုင်း(စိုက်ပျိုးရေးနှင့်ထုတ်လုပ်ရေးလုပ်ငန်း)၊ ပတ္တာ(စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း)၊ အသင်းသားတောင်သူ (၁၉၃)ဦးမှ နွေစပါး (၈၃၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)