စဉ့်ကိုင်မြို့နယ် ထန်းသုံးပင်ကျေးရွာ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ

စဉ့်ကိုင် မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စဉ့်ကိုင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်ကျေးရွာ ဓမ္မာရုံ၌ ယမန်နေ့နံနက် ၁၀ နာရီက  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ‌ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိုးစံက မီးခိုးမြူငွေ့ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်နှင့် လျှော့ချရမည့် နည်းလမ်းများအကြောင်းနှင့် မီးခိုမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေလျက်ရှိကြောင်း ရှင်းလင်းဟောပြောခဲ့ပြီး အသိပညာပေး video Clip အား ပြသခဲ့သည်။

ဆက်လက်၍ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေသီမြင့်က အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ဆက်သွယ်နေမှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍအရေးပါပုံများ၊ နေ့စဉ်လူနေမှုဘဝတွင် ဆောင်ရွက်နိုင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နည်းလမ်းများအကြောင်း စသည့် အကြောင်းအရာများ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)