တန့်ယန်း မတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော ၂၀၂၅ ခုနှစ် နွေရာသီ အခြေခံ အားကစားသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှမျိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးနေလင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တအုပ်ချုပ်ရေးမှူး ဦးသက်ထွန်းအောင်တို့က အားကစားအထောက်အကူပြုပစ္စည်းများကို အားကစားအဖွဲ့အလိုက် ပေးအပ်ကာ အားကစားသမားများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေး ခဲ့သည်။
သင်တန်းသို့ ရပ်ကွက်အသီးသီးနှင့် အခြေခံပညာကျောင်းများမှ စိတ်ပါဝင်စားသူ စုစုပေါင်း (၈၀)ဦး တက်ရောက်ကြပြီး ဘောလုံး၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ဖူဆယ် စသည့် အားကစား (၄) မျိုးကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)