ရန်ကုန် မတ် ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီတွင် သန်လျင်လူငယ်သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရေး၊ စာပေအသိပညာဗဟုသုတများ ပြည့်စုံစေရေး၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိစေရေး၊ စာပေမှရရှိသည့် အမှား၊ အမှန်ဝေဖြာပိုင်းခြားနိုင်သည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ် သင်တန်းကျောင်းအုပ်ဆရာကြီး ဦးဒိုင်ဒိုဒါးက လူငယ်များအတွက်
အသိဥာဏ် ဖွံဖြိုးတိုးတက်စေရေး၊ လူငယ်များ၏အတွေးခေါ်ကောင်းများ ရရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများအား ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုလိုကျင်းပပေးသည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် စကားဝိုင်းကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စမ်းစမ်းစိမ့်က ဆောင်ရွက်ပြီး လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်များဖြင့် အပြန်အလှန် ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာကြသော လူငယ်များ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
အခမ်းအနား အပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို လူငယ်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(ခရိုင်/ပြန်ဆက်)