သင်္ဃန်းကျွန်း မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရားအဖွဲ့တို့ပူးပေါင်း၍ မြန်မာ့ယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာစေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့ဟောပြောပွဲ အခမ်းအနားနှင့် လှုပ်ရှားမှုကို ယမန်နေ့မွှန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အမှာစကားပြောကြားပြီး တောင်ဥက္ကလာပ စာရေးဆရာ အသင်းဥက္ကဋ္ဌ၊ စာရေးဆရာမ ပေါက်ပေါက်က မြန်မာ့သနပ်ခါးသည် မြန်မာလူမျိုးတို့၏ ဘိုးဘွားအစဉ်အဆက်ထိန်းသိမ်း လက်ဆင့်ကမ်းလာကြသည့် ရိုးရာယဉ်ကျေးမှုဖြစ်ကြောင်း၊ ဘာသာစကား၊ စာပေအရေးအသားများ၊ ဖျော်ဖြေတင်ဆက်မှုအနုပညာများ၊ လူမှုရေးအစဉ်အလာ အလေ့အထများ၊ ဗဟုသုတနှင့်ရိုးရာအစဉ်အလာဓလေ့များ၊ ရိုးရာလက်မှုပညာရပ်များစသည့် နယ်ပယ်စုံပါဝင်လျက်ရှိသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ထင်ရှားလာစေရန် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သနပ် ခါး၏ ဆေးဖက်ဝင်ပုံအကြောင်းအရာများအားလည်းကောင်း၊ သနပ်ခါးထုပ်ပိုးရာတွင် ပါရှိရမည့် ကုန်အညွှန်းအမှတ်သားများအကြောင်း အရာအားလည်းကောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီးအခမ်းအနားသို့ တက်ရောက်လာသည့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ပျော်ရွှင်စွာ သနပ်ခါးလိမ်းခြယ်ကြကာ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား ဖော်ဆောင်ကြကြောင်း သိရသည်။
သိန်းအောင်(ခရိုင်ပြန်/ဆက်)