မုံရွာ မတ် ၁၂
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ တာရိုးကြီးလမ်းနှင့် ရုံးကြီးလမ်း နိုင်လွန်ကတ္တရာလမ်း ၃ လမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အဆိုပါလမ်းသစ်မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးအောင်တို့က စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ တာရိုးကြီးလမ်းနှင့် ရုံးကြီးလမ်း နိုင်လွန်ကတ္တရာလမ်း ၃ လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့် အဆိုပါမုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ တာရိုးကြီးလမ်းနှင့် ရုံးကြီးလမ်း နိုင်လွန်ကတ္တရာလမ်း ၃ လမ်းဖွင့်ပွဲ ဒုတိယပိုင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့များဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းများကောင်းမွန်ရေး၊ မြို့နေပြည်သူများ လုံခြုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လုပ်ငန်းများအား အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့များ ခေတ်နှင့်အညီ အဆင့်မြှင်တင်ဆောင်ရွက်စေရန်ရည်ရွယ်၍ နိုင်လွန်ကတ္တရာစက်ရုံအမှတ်(၂)အား စစ်ကိုင်းမြို့တွင် တည်ထောင်ထားရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ မြို့တွင်းလမ်းများအား အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရာ ယနေ့အထိ စစ်ကိုင်းမြို့တွင် နိုင်လွန်ကတ္တရာလမ်းပေါင်း ၄၇ လမ်း၊ လမ်းအရှည် - ၂၃ မိုင်၊ ၀.၂၈ ဖာလုံအား ခင်းကျင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရပ်ကွက်နေပြည်သူများမှလည်း မိမိတို့ကျရာအခန်းကဏ္ဍမှ စည်ပင်သာယာရေးအဖွဲ့နှင့်အတူတကွ ပူးပေါင်းလက်တွဲ၍ ဆောင်ရွက်ပေးသွားကြရန်နှင့် ဆောင်ရွက်ပြီးလမ်းတံတားများ ရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းပေးသွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က စစ်ကိုင်းမြို့ပေါ်ရှိ နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့၊ ကမ်းနားလမ်းသည် အရှည် - ၁ မိုင်၊ ၁.၀၅ ဖာလုံ၊ အကျယ် - ၂၆ ပေ၊ ၃ လက်မခွဲထု၊ တာရိုးကြီးလမ်းသည် အရှည် - ၁ မိုင်၊ ၂.၂၇ ဖာလုံ၊ အကျယ် - ၂၀ ပေ၊ ၃ လက်မခွဲထုနှင့် ရုံးကြီးလမ်းသည် အရှည် - ၂.၄၁ ဖာလုံ၊ အကျယ် - ၁၈ ပေ၊ ၃ လက်မခွဲထု နိုင်လွန်ကတ္တရာလမ်း ၃ လမ်းအား စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)