ပုဇွန်တောင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

ပုဇွန်တောင် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းရှိ မြတ်မင်္ဂလာခန်းမတွင် မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှု ထမ်းဥပဒေ၊ နည်းဥပဒေများအား ရပ်ကွက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွင် အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးဝင်သော်လည်း လတ်တလောအမျိုးသမီးများ ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်၍ ဆင့်ခေါ်ရန်မရှိသေးကြောင်း တရားဝင်ထုတ်ပြန် ပြောကြားထားသော်လည်း အများပြည်သူ စိုးရိမ်ထိတ်လန့်စေမည့် သတင်းအမှားများကို လုပ်ကြံဖန်တီး‌‌ရေးသားထားခြင်းဖြစ်ကြောင်း  ရှင်းလင်းပြော ကြားခဲ့ပြီး၊ ဒုတိယမြို့နယ်ဉပဒေအရာရှိ ဒေါ်စုရတနာဦးမှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေပါ ပြစ်မှု/ ပြစ်ဒဏ်များ၊ အကျိုးခံစားခွင့်များ၊ ယာယီကင်းလွတ်ခွင့်၊ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့် နှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင် ရဲမှူးမင်းဟန်က ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို ပြည်သူများသိရှိနိုင်ရေး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုက ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေတွင် ပါရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများသည် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအရ ယာယီကင်းလွတ်ခွင့်ရှိသော ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို အုပ်ချူပ်ရေးမှူးများ၊ ရာအိမ်မှူး များ၊ ဆယ်အိမ်မှူးများနှင့်ပြည်သူများ အသေးစိတ်နားလည်သဘောပေါက်စေရေးအတွက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်း လင်းပြောကြားခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများမှ ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိ/ ရပ်ဖများ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ အလွယ်တကူလေ့လာနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်