တည်ဆောက်ရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဗဟန်း မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာသို့ သွားရောက်၍ စင်တာအတွင်း/ အပြင် သန့်ရှင်းသာယာရေး ရေစီးရေလာကောင်းမွန်စေရေးနှင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန် ဉီးဗိုလ်ဌေးသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ လိုက်ပါ၍ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇန္တရာလမ်းနှင့် သစ်ရာပင် လမ်းထောင့်ရှိ ရေစုကန်သို့ သွားရောက်၍ ကန်ရေပြင်ကြည်လင်သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရေစုကန်အနီး မြေယာရှုခင်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံရှိ စီမံခန့်ခွဲရေးရုံးသို့ရောက်ရှိရာ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အဓိကဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ၊ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ၊ အမှိုက်သိမ်း ယာဉ်ယန္တရားစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြမှုအပေါ် မြို့တော်ဝန်နှင့်တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ထိန်ပင်နောက် ဆုံးစွန့်ပစ်အမှိုက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်း နှင့် မက္ခရာမင်းသားကြီး မောင်ပျိုးလမ်း၊ ကနောင်မင်းသားကြီး လမ်းထောင့်တို့တွင်  အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အရှည် ၁၁၀ ပေ၊ အကျယ် ၁၀ ပေ၊ ရေသွားလမ်းအကျယ် ၁၀ ပေ Box Culvert  တည်ဆောက်ရန် မြေညှိပြုပြင်နေမှုနှင့် ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက် ရေစုကန်ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများနှင့် လူသွားစင်္ကြံ Interlock ခင်းကျင်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)