ရန်ကုန် မတ် ၁၂
တည်ထောင်ပြီး စက်မှုဇုန်များအား သတ်မှတ်ချက်များနှင့်အညီ စက်မှုဇုန်အဖြစ် ကြေညာနိုင်ရန်အတွက် Cross Check စစ်ဆေးခြင်း လုပ်ငန်းများ၊ စက်မှုဇုန်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်ထောင်စုအဆင့် MSME ကုန်စည်ပြပွဲ/ ပြိုင်ပွဲ (MSME Expo) ကျင်းပပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉) နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် တည်ထောင်ပြီး စက်မှုဇုန်များအား သတ်မှတ်ချက်များနှင့်အညီ စက်မှုဇုန်အဖြစ် ကြေညာနိုင်ရန်အတွက် Cross Check စစ်ဆေးခြင်းလုပ်ငန်းများ၊ စက်မှုဇုန်ဆိုင်ရာ ကိစ္စရပ်များအကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ဧပြီလပထမပတ် (သို့မဟုတ်) မေလ၏ထမပတ်တွင် ပြည်ထောင်စုအဆင့် MSME ကုန်စည် ပြပွဲ/ ပြိုင်ပွဲ (MSME Expo)ကို ကျင်းပပြုလုပ်ရန်ရှိကြောင်း၊ ထိုပြပွဲတွင် ဝန်ကြီးဌာနပြခန်းများ/ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်ပြခန်းများ/ ပုဂ္ဂလိကအသင်းအဖွဲ့ပြခန်းများ/ ပြည်တွင်းပြည်ပကုမ္ပဏီပြခန်းများ၊ ရန်ကုန်တိုင်းဒေသကြီးမှ လုပ်ငန်းများ၏ပြခန်းများ ပြသ ရောင်းချသွားမှာဖြစ်ကြောင်း၊ ဝန်ကြီးဌာနပြခန်းများတွင်လည်း MSME လုပ်ငန်းများအတွက် ဝန်ကြီးဌာနများမှ ဝန်ဆောင်မှု ပေးနေသည့် အခန်းကဏ္ဍများ ခင်းကျင်းပြသထားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များနှင့် ပြည်တွင်းလက်လီ/ လက်ကားလုပ်ငန်းရှင်များ ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်များ၊ ဘဏ်များအကြား ကုန်သွယ်မှု ချိတ်ဆက်ရေး ဆွေးနွေးပွဲ (Business Matching) ပြခန်းနှင့် ကုန်စည်ပြပွဲ/ ပြိုင်ပွဲတွင် ဆုအမျိုးအစား (၅) မျိုး၊ ထုတ်ကုန်အမယ်သစ်ဆု၊ ဒီဂျစ်တယ်ဝန်ဆောင်မှုဆု၊ တီထွင်ဆန်းသစ်မှုဆု၊ အကောင်းဆုံးပြခန်းဆု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး MSME ဆု ပထမ၊ ဒုတိယ၊ တတိယ စုစုပေါင်း (၁၅) ဆု ချီးမြှင့်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ် ကြောင်းနှင့် အသိပညာပေး ဆွေးနွေးပွဲများ အနေဖြင့် စိုက်ပျိုးရေး/ မွေးမြူရေး အခြေခံထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရေး ဆွေးနွေးပွဲ၊ Digital နည်းပညာနှင့် e commerce/ E payment များနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲ၊ ဝန်ကြီးဌာနများမှ MSME လုပ်ငန်းများအတွက် ဆောင်ရွက်ပေးနေမှုများ၊ ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းခြင်း One Stop - Service ဆောင်ရွက်ပေးမှုများကို နေ့စဉ် ကျင်းပပြုလုပ်သွားမှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က တည်ထောင်ပြီး စက်မှုဇုန်များအား သတ်မှတ်ချက်များနှင့်အညီ စက်မှုဇုန်အဖြစ် ကြေညာနိုင်ရန်အတွက် Cross Check စစ်ဆေးခြင်းလုပ်ငန်းများ၊ စက်မှုဇုန်ဆိုင်ရာကိစ္စရပ်များနှင့် ပြည်ထောင်စုအဆင့် MSME ကုန်စည်ပြပွဲ/ ပြိုင်ပွဲ (MSME Expo) ကျင်းပပေးနိုင်ရေးအတွက် လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြပြီး အတွင်းရေးမှူး ဦးခင်မောင်ဆန်းက လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် စက်မှုဇုန် (၂၉) ဇုန်ရှိ ဥက္ကဋ္ဌများက လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)