ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကလေးအမွှာပူးကလေးများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေများ ပေးအပ်

ရန်ကုန် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကလေးအမွှာပူးကလေးများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) မွေးကင်းစကလေး ကုသဆောင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အလှူငွေ ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြောကြားပြီး ဗဟိုအမျိုးသမီးဆေးရုံးကြီး (ရန်ကုန်) ဆေးရုံအုပ်ကြီးဒေါက်တာအောင်လင်းအေးက ဆေးရုံတွင် မိခင်နှင့်ကလေးများ ဆေးကုထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ပါမောက္ခဒေါက်တာ ခင်မေသင်း ပါမောက္ခ/ဌာနမှူးသားဖွားမီးယပ်နှင့် ပါမောက္ခဒေါက်တာ နန့်စမ်းစမ်းအေး ပါမောက္ခ (မွေးကင်းစ) တို့က ကလေးမွေးဖွားမှု အခြေအနေနှင့်ကျန်းမာ ရေးအခြေအနေတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ဆေးရုံအဖွဲ့အားလုံး ပူပေါင်းဆောင်ရွက်မှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း တို့ကိုလည်းကောင်း အသီးသီး ပြောကြားကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ကျန်းမာရေးဝန်ထမ်းများအတွက် (၁၀) သိန်းကျပ်၊ လေးမွှာပူးမိခင်အတွက် (၁၀) သိန်းကျပ် တို့ကို ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ လေးမွှာပူးမိဘတို့က အသီးသီး လက်ခံရယူကြသည်။

အဆိုပါ လေးမွှာပူးမိဘများသည် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် နေထိုင်၍ ဖခင် ဦးကာစင် (၄၁)နှစ် နှင့် မိခင် ဒေါ်ဝင်းမာထွန်း (၂၆)နှစ် တို့ ဖြစ်ပြီး မတ် (၆) ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၁ မိနစ်တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ၌ သမီးမိန်းကလေးအမွှာ (၄) ယောက် မွေဖွားခဲ့ခြင်းဖြစ်သည်။

ယခုအခါ မိခင်နှင့်ကလေးများ၏ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး ကလေးများကို အထူးကြပ်မတ်ဆောင်တွင် ထားရှိပါကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)