စစ်တွေ မတ် ၁၂
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် နွေရာသီလူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမရှေ့၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က နွေရာသီလူငယ်ရေးရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတီးဝိုင်းအဖွဲ့က စုပေါင်းတီးခတ်ဖျော်ဖြေနေမှုအားလည်းကောင်း၊ အားကစားသင်တန်းသားများက Fitness dances ကပြဖျော်ဖြေနေမှုအားလည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပန်းပွားအဖွဲ့က ထာဝရသစ္စာသီချင်းဖြင့် ကပြဖျော်ဖြေနေမှုအားလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ဦးဥတ္တမခန်းမအတွင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အနေဖြင့် နှစ်စဉ်နှစ်တိုင်း နွေရာသီအချိန်ကာလတွင် လူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့ပြည်နယ်တွင်လည်း နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်မည့်သင်တန်းများတွင် လူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အားကစားသင်တန်း၊ ရှေ့ဦးသူနာပြုသင်တန်း၊ အခြေခံမီးသတ်သင်တန်းနှင့် ဘင်ခရာသင်တန်း များကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းများဖွင့်လှစ်သင်ကြားရသည့် ရည်ရွယ်ချက်များသည် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်ဝလာစေရန်၊ ကျောင်းပိတ်ရက်အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်နှင့် နောင်တစ်ခေတ်တွင် ထူးချွန်ထက်မြက်သည့် လူချွန်လူကောင်းများပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ နွေရာသီသင်တန်းများကို တက်ရောက်သင်ကြားကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် နည်းပြများက ကျွမ်းကျင်အောင် လေ့ကျင့်ပေးသွားမည်ဖြစ်သည့်အတွက် မိမိတို့သင်ကြားမည့် အားကစား၊ ဘင်ခရာ၊ ရှေ့ဦးသူနာပြုခြင်း၊ အခြေခံမီးသတ်သင်တန်းများကို စနစ်တကျသိရှိနားလည်တတ်ကျွမ်းအောင် သင်ယူကြပြီး မိမိမြို့နယ်၊ မိမိခရိုင်၊ မိမိပြည်နယ်အတွက် အားကိုးအားထားပြုနိုင်သည့် လူတော်လူကောင်းများဖြစ်လာအောင် ကြိုးစားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နွေရာသီလူငယ်ရေးရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ချီးမြှင့်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံရယူသည်။ ယင်းနောက် ထာဝရသစ္စာသီချင်း ဗီဒီယိုအားပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)