ကျေးသီး မတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး လှုပ်ရှားမှုအခမ်းနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူက အမှာစကားပြောကြားပြီး မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်း၊ မြန်မာ့သနပ်ခါးနှင့်ပတ်သက်သည့် အကြောင်းအရာများကို Power Point ဖြင့် ပြသခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ဆရာမများနှင့် ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်တို့မှ ဖိတ်ကြားထားသူများက ခင်းကျင်းပြသထားသည့် မြန်မာ့သနပ်ခါးဓလေ့၏ သမိုင်းကြောင်း၊ သနပ်ခါး၏အသုံးဝင်မှု၊ အသုံးပြုပုံနှင့် အရေးပါမှု စသည့် မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင်ကို လှည့်လည်ကြည့်ရှုကြပြီး သနပ်ခါးကို ကိုယ်တိုင်သွေး၍ အပြန်အလှန်လိမ်းခြယ်ခြင်းများကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
နန်းဗွေခမ်း