ဥတ္တရသီရိ မတ် ၁၂
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ နန်ချွန်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်း၊ တောင်ညိုကျေးရွာအုပ်စု၊ အောင်ချမ်းသိမ်းကျေးရွာ ဘုန်တော်ကြီးကျောင်း၌ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ် သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အောင်ချမ်းသိမ်းကျေးရွာ ရေရရှိရေး ရေစင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ နန်ချွန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း မေတ္တာဝါသကျောင်းဆောင်တွင် ကျင်းပပြုလုပ်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ငန်းများမှ စီးပွားဖြစ်မွေးမြူနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအားလုံး အခမဲ့ပညာသင်ခွင့်ရရှိရေး၊ ကျောင်းနေအရွယ်ကလေးများ အားလုံး ကျောင်းသို့ရောက်ရှိရေးနှင့် KG+9 မသင်မနေရပညာသင်ကြားနိုင်ရေး ဆရာ၊ ဆရာမများ၊ မိဘများနှင့် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ အောင်မြင်အောင်ဆောင်ရွက်ကြရန်၊ KG+9 အောင်မြင်ပြီးပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများတွင် ပညာသင်ယူခွင့်ရရှိရေးအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ နားလည် သဘောပေါက်အောင်ဆောင်ရွက်ကြရန်၊ နေပြည်တော်တွင်ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများတွင် ကျောင်းတက်ရောက်ခွင့်ရရှိရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာများက သက်ဆိုင်ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများလိုက်ပါလျက် တောင်ညိုကျေးရွာအုပ်စု၊ အောင်ချမ်းသိမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ကလေးငယ်များအား နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ် သင်ကြားနေမှုကို ကြည့်ရှု အားပေးသည်။
ယင်းနောက် ကျောင်းထိုင်ဆရာတော် ဦးသုဇာတအား ဖူးမြော်ကြည်ညို၍ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ နဝက္ကမ အလှူငွေနှင့် သင်္ဃန်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆား လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ ကလေးငယ်များအတွက် နေ့လယ်စာကို လည်းကောင်း၊ ဥတ္တရသီရိမြို့နယ် MSMEအသင်းအဖွဲ့ဝင်များက မာမားခေါက်ဆွဲခြောက်ထုတ်၊ အချိုရည်၊ စာအုပ်၊ ခဲတံ၊ ခဲဖျက်တို့ကိုလည်း ကောင်း ဆက်ကပ်လှူဒါန်းကာ မြနန်းဆရာတော် ဦးသဒ္ဓမ္မထံမှ အနုမောတနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အောင်ချမ်းသိမ်းကျေးရွာ ရေရရှိရေးအတွက် ၂ဝ၂၄ – ၂၀၂၅ ခုနှစ်ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီခွင့်ပြုငွေရန်ပုံငွေ (ကျပ်သန်း) (၄၃ဒသမ ၄၀၄) သန်းဖြင့် လေးလက်မစက်ရေတွင်းအနက် ၅၀၀ ပေ၊ ဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင်တည်ဆောက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်မွန်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်ကောင်စီဝင်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)