တောင်ဥက္ကလာပမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

တောင်ဥက္ကလာပ   မတ် ၁၂

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ကစ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်‌ဆွေနှင်းက ဟောပြောပွဲ၊ ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ပြိုင်ပွဲဒိုင်ချုပ် Book Club အဖွဲ့ဝင် စာရေးဆရာမ မြမဉ္ဇူဝေ (ကျုံမငေး) က ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ‌ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း သင်တန်းတက်ရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ  ကဗျာရွတ်ဆိုပြိုင်ပွဲဝင် (၈) ဦးနှင့် ပုံပြင်ပြောပြိုင်ပွဲဝင် (၁၅) ဦး စူစုပေါင်းဝင်ရောက်ယှဉ်ပြိုင်သူ ၂၃ ဦး ယှဉ်ပြိုင်ခဲ့ပြီး  ပြိုင်ပွဲတွင်  ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများ ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် Book Club အဖွဲ့ဝင်တို့က  ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်အား‌ပေးလာကြသည့်‌ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်များ၊ မိဘများက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)